မြန်မာနိုင်ငံသားတွေရဲ့ အမည်ခံနဲ့ ရှယ်ယာထည့်ဝင် ပိုင်ဆိုင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေတွေ ထိုင်း DSI သိမ်းဆည်း
အောက်တိုဘာ ၂၃
ထိုင်းနိုင်ငံမှာ Bitcoin တရားမဝင်တူးဖော်မှုနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ နာမည်ခံနဲ့ ရှယ်ယာထည့်ဝင်ထားတဲ့ ဘတ် ၁၈၅ သန်းကျော်တန်ဖိုးရှိ အိမ်ခြံမြေနဲ့ ကွန်ဒိုခန်းတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖော်ထုတ်သိမ်းဆည်းလိုက်ပါတယ်။
သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ချွန်ဘူရီခရိုင်၊ ဘန်းလမွန်းက ဘတ် ၁၀၆ သန်းကျော်တန်ဖိုးရှိ သုံးထပ်တိုက် အဆောက်အအုံ ပါဝင်ပြီး အဆိုပါအဆောက်အအုံကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီမှာ မြန်မာနိုင်ငံသား ၂ ဦး က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံသား ၂ ဦးက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့၊ ဟွိုင်ခွမ်က ဘတ် ၇၉ သန်းခန့် တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်း ၁၅ ခန်းကိုလည်း မြန်မာနိုင်ငံသား ၅ ဦးရဲ့ နာမည်နဲ့ ဝယ်ယူမှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ အိမ်ခြံမြေတွေဟာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲကာ Bitcoin တရားမဝင်တူးဖော်တဲ့ ကွန်ရက်တွေနဲ့ ဆက်နွှယ်နေပြီး အောက်တိုဘာ ၂၂ ရက်မှာ (Operation Black Trace) အမည်နဲ့ စစ်ဆင်ရေးဖော်ဆောင်ကာ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဆိုပါ ပိုင်ဆိုင်မှုတွေအတွက် ငွေကြေးတွေ ဘယ်ကရလာသလဲဆိုတဲ့ ရင်းမြစ်အပြင် နာမည်ခံပိုင်ရှင်တွေနဲ့ ပြစ်မှုကျူးလွန်သူတွေအကြား ပတ်သက်ဆက်နွယ်မှု၊ နောက်ကွယ်က အကျိုးအမြတ်ရယူနေသူ အစစ်အမှန်တွေကို DSI ဘက်က ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီအမှုဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဆမွတ်ဆာခွန်ပြည်နယ်မှာ Bitcoin တူးဖော်ရေးစက် ၁,၇၈၈ လုံး သိမ်းဆည်းခဲ့တဲ့ “Bitforge” စစ်ဆင်ရေးနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စက်နဲ့ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဘတ်သန်း ၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ သိမ်းဆည်းခဲ့တဲ့ “Operation Copperhead” စစ်ဆင်ရေးတို့နဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ကွန်ရက်ဟာ ငွေမည်းလုပ်ငန်းတွေအပြင် နယ်စပ်ဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့လည်း ဆက်စပ်နေပြီး ငွေကြေးလည်ပတ်မှုပမာဏ ဘတ်သန်း ၅,၀၀၀ ကျော်ရှိကာ နိုင်ငံတော်ဘဏ္ဍာငွေ ဘတ်သန်း ၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
လက်ရှိအချိန်အထိ သံသယရှိသူ ၂၅ ဦးကို ဖော်ထုတ်ထားပြီး ၆ ဦးကို တရားစွဲဆိုထားသလို အသစ်ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်း ၇ ခု အပါအဝင် ၁၉ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
သံသယရှိသူတွေထဲမှာ တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ မြန်မာနိုင်ငံသား ၁၃ ဦးနဲ့ ကုမ္ပဏီတခု ပါဝင်နေပြီး ခိုးယူမှု၊ ကွန်ပျူတာမှုခင်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref & Photo: Chiangmai Post
မြို့တော် News Channel