အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်
အောက်တိုဘာ ၂၀
အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။
အဆိုပါမစ်ရှင်အတွက် MMX (Martian Moons eXploration) လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ကို သယ်ဆောင်လာတဲ့ H3 ဒုံးပျံဟာ ဂျပန်နိုင်ငံ ကာဂိုရှီးမားစီရင်စုရှိ တာနီဂါရှီးမား အာကာသစခန်း ကနေ အောက်တိုဘာ ၂၀ ရက် မနက် ၄ နာရီ ၄၁ မိနစ်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒုံးပျံပစ်လွှတ်ပြီး ၁ နာရီနဲ့ ၁၁ မိနစ်အကြာမှာတော့ MMX အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ဆီ ဦးတည်သွားမဲ့ ပျံသန်းမှုလမ်းကြောင်းပေါ်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။
ဒီမစ်ရှင်ဟာ ဖိုဘော့စ်ပေါ်ကို ဆင်းသက်ပြီး မျက်နှာပြင်က မြေသားနမူနာတွေကို ကောက်ယူကာ ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာနိုင်တဲ့ ပထမဆုံး အာကာသယာဉ် ဖြစ်လာဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
ဂျပန်အာကာသစူးစမ်းရေးအေဂျင်စီ (JAXA) က ယန်း ၅၅ ဒသမ ၃ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၃၅၀ သန်းခန့် အကုန်အကျခံ တည်ဆောက်ထားတဲ့ အဆိုပါအာကာသယာဉ်ဟာ လာမယ့်နှစ် ဩဂုတ်လဝန်းကျင်မှာ အင်္ဂါဂြိုဟ်အနီးကို ရောက်ရှိမယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ၃ နှစ်ကြာ စူးစမ်းလေ့လာမှုတွေ လုပ်ဆောင်ပြီး ၂၀၃၂ ခုနှစ် မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း မြေသားနမူနာတွေနဲ့အတူ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
JAXA ကတော့ အဆိုပါမစ်ရှင်ကတစ်ဆင့် အင်္ဂါဂြိုဟ်ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရာမှာ လိုအပ်တဲ့ လိုအပ်တဲ့ နည်းပညာသစ်တွေကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် သိပ္ပံနည်းကျ စောင့်ကြည့်လေ့လာမှုတွေနဲ့ မြေသားနမူနာ စမ်းသပ်စစ်ဆေးမှုတွေကနေတဆင့် အင်္ဂါဂြိုဟ်ရဲ့ အရံလတွေ ဖြစ်တည်လာပုံ သမိုင်းကြောင်းကို ပိုမိုနားလည် ဖော်ထုတ်နိုင်လိမ့်မယ်လို့လည်း ဂျပန်အာကာသအေဂျင်စီက မျှော်လင့်ထားတယ်လို့ သိရပါတယ်။
Ref & Photo: NHK
မြို့တော် News Channel