ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ
အောက်တိုဘာ ၅
ကျောင်းအဆောက်အအုံတွေ ပျက်စီးယိုယွင်းနေမှု၊ စာသင်ခန်းတွေ လူပြည့်ကျပ်နေမှုနဲ့ ဆရာဆရာမ မလုံလောက်မှုတွေကို ကန့်ကွက်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၅ ရက်မှာတော့ အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရဆဲ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာ ၆ ရက်ကျရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားပြဆန္ဒပြဖို့ စီစဉ်ထားတာကြောင့် အခြေအနေတွေ ပိုမိုတင်းမာလာဖို့ ရှိနေပါတယ်။
ပညာရေးဝန်ကြီး အက်ဒဝပ် ဂျက်ဖရေးရဲ့ ပြောဆိုချက်အရ နိုင်ငံတဝန်းရှိ အထက်တန်းကျောင်း ၃,၇၀၀ အနက် ၄၀၀ ကနေ ၅၀၀ ကြားဟာ အောက်တိုဘာ ၅ ရက်မှာ လုံးဝ (ဒါမှမဟုတ်) တစိတ်တပိုင်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလနှောင်းပိုင်းက ပါရီဆင်ခြေဖုံးမှာ စတင်ခဲ့တဲ့ ဒီဆန္ဒပြမှုတွေအတွင်း ကျောင်း ၂၄ ကျောင်း မီးရှို့ဖျက်ဆီးခံရပြီး ဝန်ထမ်း ၇၈ ဦး ဒဏ်ရာရရှိခဲ့သလို စက်တင်ဘာ ၂၈ ရက်ကစလို့ လူငယ်အများစု အပါအဝင် လူပေါင်း ၅,၀၀၀ နီးပါး ဖမ်းဆီးခံထားရပါတယ်။
ဒီဆန္ဒပြမှုတွေဟာ ဘတ်ဂျက်လိုငွေလျှော့ချဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်အစိုးရအပေါ် ဖိအားဖြစ်စေပြီး ပြီးခဲ့တဲ့အပတ်က နိုင်ငံရဲ့ ၁၀ နှစ်သက်တမ်း ငွေတိုက်စာချုပ် အတိုးနှုန်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်စေခဲ့ပါတယ်။
အစိုးရက အခြေအနေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို ပါရီရဲတပ်ဖွဲ့ကလည်း လမ်းပိတ်ဆန္ဒပြမှုတွေ ရပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ တိုက်တွန်းထားပါတယ်။
လာမယ့် အောက်တိုဘာ ၆ ရက်မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေအတွင်း လက်ဝဲအစွန်းရောက်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်သွားမှာကို လုံခြုံရေးအာဏာပိုင်တွေက စိုးရိမ်နေကြပေမဲ့ ပြင်သစ် အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CGT) ခေါင်းဆောင် ဆိုဖီ ဘီနက် ကတော့ ကျောင်းသားတွေကို အကာအကွယ်ပေးဖို့ သမဂ္ဂဝင်တွေ လိုက်ပါဝန်းရံသွားမယ်လို့ အတည်ပြုထားပါတယ်။
Ref & Photo: The Reuters
မြို့တော် News Channel